တပ်ဖွဲ့ဝင်တွေလျှော့ချခြင်းဖြင့် ဂျာမနီကိုအပြစ်ပေးမယ့် သမ္မတထရမ့် ( ထရမ်သုံးလိုက်တဲ့ နောက်တကွက် )

တပ်ဖွဲ့ဝင်တွေလျှော့ချခြင်းဖြင့် ဂျာမနီကိုအပြစ်ပေးမယ့် သမ္မတထရမ့် ( ထရမ်သုံးလိုက်တဲ့ နောက်တကွက် )

နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဂျာမနီမှာ အမေရိကန်ကချထားတဲ့ တပ်ဖွဲ့ဝင်တွေအရေအတွက်ကို ထက်ဝက်လောက်အထိ လျှော့ချသွားတော့မယ်ဆိုပြီး ယခုရက်ပိုင်းမှာ သမ္မတ ဒေါ်နယ်ထရမ့်က ပြောလာပါတယ်။ အကြောင်းကတော့ ဂျာမနီဟာ နေတိုးအဖွဲ့နဲ့ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေမှာ ပျက်ကွက်တာတွေများခဲ့ပြီဖြစ်သလို အမေရိကန်ပြည်ထောင်စုအပေါ်မှာလည်း ကုန်သွယ်ရေး အရ ဆက်ဆံပုံဟာ ဆိုးရွားလွန်းတယ်ဆိုပြီး သမ္မတထရမ့်က အကြောင်းပြချက်ပေးခဲ့ပါတယ်။

ကုန်ကျစရိတ်ကြီးမား
ဂျာမနီနိုင်ငံမှာ ချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက် ၅၂၀၀ဝ အထိရှိပြီး ဒီထဲကတပ်ဖွဲ့ဝင် ၂၅၀၀၀ လောက်ကို ပြန်လျှော့မယ် ဆိုပြီး ထရမ့်က သတင်းထောက်တွေ ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ တပ်ဖွဲ့ဝင်တွေချထားရတဲ့ ကုန်ကျ စရိတ်က မသေးဘူး။ ဒါကြောင့် အရေအတွက်လျှော့ချဖို့ လုပ်နေတာ ဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။

သမ္မတထရမ့် ဖော်ပြတဲ့ တပ်ဖွဲ့ဝင် အရေအတွက်ဟာ တကယ်တော့ အမှန်မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဂျာမနီမှာ အမှန်တကယ် တပ်စွဲထားတဲ့ အမြဲတမ်းတပ်ဖွဲ့ဝင် အရေအတွက် က ၃၄၀၀ဝ နဲ့ ၃၅၀၀ဝ အတွင်းသာ ရှိတယ်လို့ ပင်တဂွန်စစ်ဌာနက ပြောကြားခဲ့ပါတယ်။ တပ်ဖွဲ့ဝင် အရေအတွက် အားလုံးပေါင်း ၅၀၀၀၀ ကျော်ရှိတဲ့အချိန်ဟာ ယာယီလောက်သာ ဖြစ်တယ်လို့ သိရပါတယ်။

ကျယ်လောင်တဲ့ မက်ဆေ့ခ်ျတစ်ခု
ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်သမ္မတက ဂျာမနီ၊ ဥရောပနဲ့ အမေရိကန်ဦးဆောင်တဲ့ နေတိုးမဟာမိတ်အဖွဲ့တွေကို အသိ ပေးလိုက်တဲ့ မက်ဆေ့ခ်ျဟာ ကျယ်ကျယ်လောင်လောင်နဲ့ ပီပီ ပြင်ပြင်ထွက်ပေါ်လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားတဲ့ အချိန်ကတည်းက ပထဝီနိုင်ငံရေးအရ အရေးကြီးတဲ့ နိုင်ငံတွေ မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ချထားခဲ့တာဖြစ်ပြီး ဒီလို ချထားမှုဟာ စစ်အေးကာလအတောအတွင်း ရုရှား (ယခင် ဆိုဗီယက်ပြည်ထောင်စု)ကို ဆန့်ကျင်တဲ့ နေတိုးမဟာ မိတ်အဖွဲ့ ကြီးရဲ့ သမားရိုးကျကာကွယ်ရေး အင်အားစုကြီးတစ်ရပ် အဖြစ် ဖွဲ့စည်းတည်ရှိလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ရုရှားသမ္မတဗလာဒီမာပူတင် လက်ထက်မှာ ရုရှားနိုင်ငံရဲ့ ထက်သန်တဲ့ စစ်ရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေ ပြန်လည်ပေါက်ဖွားလာမှုက အမေရိကန်ပြည်ထောင်စုရဲ့ တည်ရှိမှုကို အသစ်တစ်ဖန် ပြန်လည်ဖြစ်တည်လာစေခဲ့ပြီး ဒီအချိန်မှာ အလယ်နဲ့ အရှေ့ဥရောပနိုင်ငံတွေဟာ အမေရိကန်ကို ကာကွယ်ရေးဆိုင်ရာ ပိုမိုအင်အားတောင့်တင်းခိုင်မာအောင် လုပ်ဖို့ ဦးဆောင်ဖိအားပေးလာကြပါတယ်။
အပြစ်ပေးမယ်

သမ္မတထရမ့်က တပ်ဖွဲ့ဝင်တွေကို လျှော့ချဖို့လုပ်တာဟာ ဂျာမနီကိုအပြစ်ပေးဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ ၎င်းပြောပုံအရ ဂျာမနီဟာ နေတိုးအဖွဲ့ကို ဒေါ်လာဘီလီယံနဲ့ ချီပြီးပေးဆပ်စရာတွေရှိနေပေမယ့် နှစ်တွေအများကြီး ကြာတဲ့ အထိ ပျက်ကွက်ခဲ့တယ်။ ကျွန်ုပ်တို့က ဂျာမနီကိုအကာအကွယ် ပေးနေရတာဖြစ်တယ်။ ဒီအတွက် ပေးစရာရှိတာကို မဖြစ်မနေ ပေးရမယ်လို့ဆိုပါတယ်။

ကတိပျက်ခဲ့
ပြီးတော့လည်း သမ္မတထရမ့်က ဥရောပက နေတိုးအဖွဲ့ဝင် နိုင်ငံတွေဟာ ကာကွယ်ရေးစရိတ်အတွက် အနည်းဆုံးဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းကို ကျခံသုံးစွဲဖို့ ၎င်းတို့ပေးထားတဲ့ ကတိကဝတ် တွေကိုလည်း ပျက်ကွက်ခဲ့ကြတယ်။ တစ်ဖက်သားရဲ့ ရက်ရော သဘောကောင်းမှုအပေါ်မှာ အခွင့်ကောင်းယူပြီးတော့ ဘာမှ လည်း ပြန်ပေးဖို့စိတ်ကူးမရှိကြဘဲ သက်သာသလိုနေနေကြတယ် ဆိုပြီး အကြိမ်ကြိမ်စွပ်စွဲခဲ့သလို ၎င်းတို့ဟာ နေတိုးမဟာမိတ် အဖွဲ့ရဲ့ သမိုင်းဝင်ဦးဆောင်သူအပေါ်မှာ လိုတာထက်ပိုပြီး မှီခို အားကိုးလွန်းနေတယ်ဆိုပြီး စကားလုံးတွေနဲ့ထိုးနှက် တိုက်ခိုက် ခဲ့ပါတယ်။

အံ့အားသင့်ဖွယ်အရေအတွက်ဖြစ်
ဂျာမနီရဲ့ ဝါရင့်နိုင်ငံရေးကျွမ်းကျင်သူတွေက အမေရိကန် ဟာ ဂျာမနီမှာချထားတဲ့တပ်ဖွဲ့ဝင်အရေအတွက်ကို ၂၅၀၀ဝ အထိလျှော့ချသွားဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် လာတာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း စိုးရိမ် ပူပန်ကြောင်း ဖော်ပြခဲ့ကြပါတယ်။ လျှော့ချမယ့် တပ်ဖွဲ့ဝင်အရေ အတွက်ပမာဏဟာ ဂျာမနီကိုအံ့အားသင့်သွားစေခဲ့ပါတယ်။

စစ်အင်အားလျှော့ချမယ့် အစီအစဉ်ကြောင့် သမ္မတထရမ့် အနေနဲ့ ဥရောပမဟာမိတ်နိုင်ငံတွေ၊ အနောက်စစ်ရေး မဟာ မိတ်နိုင်ငံတွေနဲ့အတူ ရေရှည်ပူးပေါင်းဆောင်ရွက်ပါမယ်လို့ ၎င်းကိုယ်တိုင်သဘောတူခဲ့တဲ့ ကတိကဝတ်တွေနဲ့ ပတ်သက်ပြီး မေးခွန်းပေါင်းမြောက်မြားစွာ ပေါ်ထွက်လာခဲ့ရ ပါတယ်။
ဘယ်သူ့အပြစ်လဲ

ဒီကိစ္စဖြစ်လာတာဟာ ဥရောပသမဂ္ဂရဲ့ စီးပွားရေးအင်အား ကြီးနိုင်ငံဖြစ်တဲ့ ဂျာမနီကြောင့်ပဲ။ ဂျာမနီဟာ ကျွန်ုပ်တို့အပေါ်မှာ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး ဆိုးဆိုးရွားရွားဆက်ဆံခဲ့တယ်လို့ ထရမ့်က အပြစ်ဆိုလိုက်ပါတယ်။ လောလောဆယ် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂျာမနီနဲ့ ညှိနှိုင်းမှုတွေ လုပ်တော့လုပ်နေတယ်။ ဒါပေမယ့် ၎င်းတို့ဘက်ကဖြစ်စေချင်နေတဲ့ သဘောတူညီမှု ကိုတော့ ကျွန်ုပ်အနေနဲ့ အခုချက်ချင်း မကျေနပ်နိုင်သေးဘူး။ ၎င်းတို့ဟာ အမေရိကန်ကို နှစ်တွေအများကြီးကြာအောင် ဒေါ်လာဘီလီယံနဲ့ချီပြီး ကုန်ကျစေခဲ့တယ်။ ဒါကြောင့် ကျွန်ုပ်တို့ အနေနဲ့ ကုန်သွယ်ရေးမှာ အထိနာခဲ့ရသလို နေတိုးမဟာမိတ် အဖွဲ့နဲ့ပတ်သက်ပြီးတော့လည်း ကျွန်ုပ်တို့ဘက်က နစ်နာခဲ့ တယ်လို့ သမ္မတထရမ့်က ပြောကြားလိုက်ပါတယ်။

အကျိုးအမြတ်ရှိနေ

ဂျာမနီဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ၎င်းရဲ့မြေပေါ်ချထား မှုကနေ နေရင်းထိုင်ရင်း အကျိုးအမြတ်ရှိနေတယ်ဆိုပြီးတော့လည်း သမ္မတထရမ့်က စောဒကတက်ခဲ့ပါတယ်။

၎င်းတို့ဆီမှာချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို လစာ ကောင်းကောင်းပေးထားတယ်။ ဒီလူတွေဟာ ဂျာမနီမှာနေထိုင် ပြီး ဂျာမနီမှာပဲ ငွေတွေအများကြီး သုံးပစ်လိုက်ကြတယ်။ အမေရိကန်တပ်ဖွဲ့ စစ်အခြေစိုက်စခန်းတွေရှိတဲ့ အနီးအနားက ဘယ်နေရာမဆို ဂျာမနီအတွက် အကျိုးအမြတ်ရှိတဲ့နေရာ တွေချည်းပဲ။ ဒီတော့ ဂျာမနီက ကျွန်ုပ်တို့ဆီကနေ ရယူနေတယ် မှတ်ရမယ်လို့ ၎င်းကပြောပါတယ်။

ဆက်ဆံရေး ကတောက်ကဆတ်ဖြစ်ခဲ့

နောက်တစ်ခုက သမ္မတထရမ့်ဟာ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်နဲ့လည်း ကတောက်ကဆတ် ဆက်ဆံရေး မျိုးရှိထားသူပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အကြာက ဝါရှင်တန်မှာကျင်းပမယ့် ဂျီ-ဆဲဗင်း ထိပ်သီးအစည်းအဝေးအတွက် ဖိတ်ကြားမှုကို ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကပ်ရောဂါအကြောင်း ပြုပြီး လာရောက်ဖို့ ငြင်းဆန်ခဲ့တာနဲ့ပတ်သက်လို့ စိတ်ကွက်စရာ တစ်ခုဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။


ကိုးကား- အေအက်ဖ်ပီ

Add a Comment

Your email address will not be published. Required fields are marked *