ပလက်ဝမြို့ရှိ စစ်ရှောင်များ၏ မီးလက်ဝအောက်ရွာ မီးရှို့ခံထားရ ( မီးလောင်နေဆဲဟုဆို)

ပလက်ဝမြို့ရှိ စစ်ရှောင်များ၏ မီးလက်ဝအောက်ရွာ မီးရှို့ခံထားရ ( မီးလောင်နေဆဲဟုဆို)

တပ်မတော်နှင့် AA တို့၏ တိုက်ပွဲကြောင့် ချင်းပြည်နယ် ပလက်ဝမြို့ပေါ်နှင့် ရန်ကုန်မြို့ မှော်ဘီမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်များ၏ ဇာတိရွာ မီးလက်ဝအောက်ရွာသည် ယနေ့ မွန်းလွဲပိုင်း ကမီးရှို့ခံလိုက်ရကြောင်း သိရသည်။

“ဒီနေ့ ၂ နာရီ ၄၀ မှာ ဖြစ်တယ်။ ဘယ်အဖွဲ့ရှို့တာလဲတော့မသိဘူး။ ကျမအမျိုးတွေရဲ့ရွာဖြစ်နေတယ်။ အဲ့ဒီရွာက မတ်လကတည်းက ရွာထဲမှာ နေမရတော့လို့ ပလက်ဝမြို့ပေါ်နဲ့ ရန်ကုန်က မှော်ဘီကို ရှောင်လာတဲ့သူတွေရဲ့ရွာ။ အရင်က ညဘက်ဆို မြို့ပေါ်လာအိပ် နေ့ခင်းဘက်ဆိုပြန်သွား အဲ့လိုလုပ်လာတာ။ ဒါပေမဲ့ ဒီလမှာတော့ နေမရတော့လို့ တိမ်းရှောင်လာကြတဲ့သူတွေရဲ့ရွာ” ဟု ချင်းပြည်နယ် ပလက်ဝဒေသခံတစ်ဦးဖြစ်ပြီး RRCCI အဖွဲ့မှ မိုင်နန်းဝေက ပြောသည်။

ရွာတွင် အသက်ကြီးပိုင်း အဘိုး၊ အဖွား ၂ ဦးသာကျန်ရှိပြီး ကျန်လူများအားလုံးမှာ ထွက်ပြေးတိမ်းရှောင်ထားသော ရွာဖြစ်ကြောင်း ၎င်းပြောပြချက်အရ သိရသည်။

“အခုထိ တောက်လျှောက်မီးလောင်နေတယ်။ ကျမ ရွာနဲ့ ဖုန်းတော့အဆက်အသွယ်ရတယ် မပြတ်ဘူး။ သူတို့လည်း ဖြေတောင်မဖြေရဲတော့ဘူး။ စစ်ပွဲကိုတော့ တော်တော်လေး စိတ်နာနေကြပြီ” ဟု မိုင်နန်းဝေက ဆိုသည်။

မီးလက်ဝအောက်ရွာသည် လူနေအိမ်ခြေ ၁၂၅ အိမ်ရှိပြီး ခန့်မှန်း လူဦးရေ ၅၀၀ ကျော်နေထိုင်သောရွာဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၂၅ ရက်နေ့ကလည်း ပလက်ဝမြို့ပေါ် ရိက္ခာရပ်ကွက်တွင် နေထိုင်သော စစ်ရှောင်ကူညီရေးကော်မတီအဖွဲ့ဝင် တစ်ဦး၏နေအိမ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ နေအိမ်နောက်ဖေးတစ်ခြမ်းလုံး ပျက်စီးသွားခဲ့သည်။

မေ ၂၄ ရက်နေ့ကလည်း ပလက်ဝမြို့ ရိက္ခာရပ်ကွက်ရှိ အမျိုးသမီးမှာ အိမ်အနီးနားရှိ ငှက်ပျောပင်တွင် ငှက်ပျောသွားခုတ်ရင်း မိုင်းနင်းမိရာမှ ဆေးရုံရောက်ရှိသွားခဲ့သည်။

“ပလက်ဝမြို့ပေါ်မှာ ရဲတောင် ရှာမရတော့ဘူး။ စစ်ဘေးရှောင်ကော်မတီဝင်တွေတောင် ပလက်ဝမှာမနေရဲတော့လို့ ဟားခါးတို့ ရန်ကုန်တို့ ကို တိမ်းရှောင်ကြတဲ့သူတွေအများကြီး” ဟု မိုင်နန်းဝေကဆိုသည်။

အလားတူပြီးခဲ့သည့် ဧပြီလအတွင်းက AAအဖွဲ့ဖမ်းဆီးသွားသော ချင်းအမျိုးသား ၂ ဦးနှင့် စည်ပင်ကော်မတီဝင်တို့မှာ ယနေ့တိုင် ပြန်လည်ရောက်ရှိလာခြင်းမရှိသေးကြောင်းလည်း သိရသည်။

လေးစားစွာဖြင့် ခရစ်ဒက်….News Ambassador – သတင်းတမန်

Add a Comment

Your email address will not be published. Required fields are marked *