ဖခင်ဝယ်ပေးတဲ့ဖုန်းက အဆင့်နိမ့်လို့ဆိုပြီး သမီးကထုခွဲ၊ ဖခင်မှာ ဝမ်းနည်းပြီး အဆုံးစီရင်ခဲ့

ကိုဗစ်ကပ်ဆိုး ကာလကြီးအတွင်းမှာ တော်တော်များများဟာ စားဝတ်နေရေး ခက်ခဲလာကြပါတယ်။ လုပ်ငန်းကိုင်ငန်းတွေလည်း ပုံမှန်လည်ပတ်ဖို့ အတော်လေး အရှိန်ပြန်ယူနေရပြီး၊ အလုပ်လက်မဲ့ဦးရေကလည်း ကမ္ဘာတစ်ဝှမ်းလုံးမှာ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ ကိုဗစ်ကာလအတွင်း သင်ကြားရေးစနစ်တချို့ကတော့ အွန်လိုင်းစနစ်ကို ပြောင်းလဲနေကြပါတယ်။

ဒါပေမယ့် အွန်လိုင်းစနစ်ဟာ အားလုံးအတွက် အဆင်ပြေစေမယ့် စနစ်မဟုတ်ပါဘူး။ ခြွင်းချက်တွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံမှုအားနည်းတဲ့ ဒေသတွေ၊ ဖုန်းတစ်လုံးဝယ်ဖို့ ငွေရေးကြေးရေး အဆင်မပြေတဲ့ ကလေးတွေအတွက်တော့ အွန်လိုင်းပညာရေးစနစ်က ထိရောက်ဖို့ မလွယ်ပါဘူး။

အခုလည်း ဖခင်တစ်ယောက်ဟာ သမီး လိုချင်တဲ့ဖုန်းတစ်လုံးတောင် ဝယ်မပေးနိုင်လို့ စိတ်ဓာတ်ကျပြီး အဆုံးစီရင်သွားခဲ့ကြောင်း သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ၊ ထရီပူရပြည်နယ်၊ Sepahijala ခရိုင်မှာ ဖြစ်ခဲ့တာပါ။ အဆုံးစီရင်သူဟာ အသက်(၅၀)အရွယ် ဖခင်တစ်ဦးဖြစ်ပြီး၊ သမီးလိုချင်တဲ့ဖုန်းက သက်သက်၊ ဝယ်လာတဲ့ဖုန်းက သက်သက် ဖြစ်နေခဲ့တာပါ။

ဖခင်ကလည်း သူ့မှာရှိတဲ့ ငွေနဲ့ကြေးနဲ့ ကိုက်ညီတဲ့ အဖိုးသင့်ဖုန်းကိုသာ ဝယ်နိုင်ခဲ့တာဖြစ်ပြီး၊ သမီးလိုချင်တာက အော်ပရေတာလိုင်းဆွဲအား ကောင်းကောင်းနဲ့ ပညာရေးကို စိတ်ချလက်ချ လုပ်နိုင်မယ့် ဖုန်းမျိုးဖြစ်ပါတယ်။ ဒီလိုနဲ့ သားအဖနှစ်ယောက် စကားများရန်ဖြစ်ကြရာမှာ၊ ဖခင်က အကြွေးဝန်ပိနေတဲ့ဒဏ်ကလည်း ရှိနေတော့ စိတ်ဓာတ်ကျပြီး၊ ဘဝကို အရှုံးပေးခဲ့တာပါ။

သမီးကတော့ Class 10 အဆင့်ကိုရောက်နေပါပြီ။ သူမဟာ ဖုန်းက အဆင့်နိမ့်လွန်းတယ်ဆိုပြီး ဖုန်းကို ရိုက်ခွဲလိုက်တာပါ။ အဲဒီနောက် အကြီးအကျယ် စကားများခဲ့ကြပါတယ်။ ဖခင်ဖြစ်သူဟာ ဆင်းရဲတဲ့ကြားက သမီးလေးတစ်ယောက်သာရှိလို့ အလိုလိုက်ထားခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ မိသားစုဝင်တွေနဲ့ စကားမပြောတော့ဘဲ အခန်းထဲမှာ အလုံပိတ်နေခဲ့တာပါ။

နောက်တစ်ရက် ဇူလိုင်လ(၁)ရက်နေ့မှာ မိသားစုဝင်တွေက ခေါ်တာကို ပြန်မထူးတဲ့အတွက် အခန်းတခါးကို ဖျက်ပြီး ဝင်ရောက်ခဲ့ပါတယ်။ အဲဒီမှာ အသက်မဲ့နေတဲ့ ဖခင်ရဲ့အလောင်းကိုသာ တွေ့ရတော့တာပါ။ ရဲကတော့ ဒီဖြစ်စဉ်ကို သေမှုသေခင်းဖွင့်ပြီး စစ်ဆေးနေပါတယ်။ ပြီးခဲ့တဲ့ဇွန်လတုန်းကလည်း ခီရာလာမှာနေထိုင်တဲ့ ကျောင်းသူတစ်ယောက်ဟာ အွန်လိုင်းစာသင်ခန်းကို မတက်နိုင်တဲ့အတွက် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပါသေးတယ်။

လေးစားစွာဖြင့် ခရစ်ဒက် ….-လင်းသုတ

Add a Comment

Your email address will not be published. Required fields are marked *