လူသားများ အပေါ် သံယောဇဉ် ကြီးလျှက် ရှိဆဲ လား ကိုဗစ်-၁၉

လူသားများ အပေါ် သံယောဇဉ် ကြီးလျှက် ရှိဆဲ လား ကိုဗစ်-၁၉

ကပ်ရောဂါဆိုးကြီး ကမ္ဘာတဝှမ်းတွင် အရှိန်အဟုန်နှင့် ဆက်လက် ဖြစ်ပေါ်နေဆဲ ဆိုသည်ကို အချို့လူများက မေ့လျော့သွားကြပြီ ဖြစ်သော်လည်း အဆိုပါ ကပ်ရောဂါကြီးကတော့ မည်သူ့ကိုမျှ မေ့လျော့သွားသည့် လက္ခဏာ မပြသေးပေ။ ယခုအခါ ဒုတိယ လှိုင်းမှာ လာဖို့နေနေသာသာ ပထမလှိုင်းပင် အရှိန် ပျက်ပြယ်သွားခြင်း မရှိသေးဆိုသည်ကို သတိပြုသင့်လှသည်။

ကိုဗစ်-၁၉ သည် ကြောက်မက်ဖွယ်ရှာ နှုန်းဖြင့် ပျံ့နှံ့လာခဲ့သည်။ ဖေဖေါ်ဝါရီ ၁ ရက်နေ့ ကမ္ဘာကျန်းမာရေး အဖွဲ့ချုပ်ကြီးမှ ထုတ်ပြန်သော စာရင်းအရ လူပေါင်း ၂,၁၁၅ ဦးသာ ကူးစက်နေခဲ့သော်လည်း ဇွန်လ ၂၈ ရက်နေ့တွင်မူ လူ ဆယ်သန်းခန့် ကူးစက်ခံထားရပြီး နေ့စဉ် ကူးစက်ခံရသူ စုစုပေါင်း ၁၉၀,၀၀၀ ထိ ရောက်လာခဲ့ပြီ ဖြစ်သည်။ ထို့အတွက် ဖေဖေါ်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းတွင် မိနစ် ၉၀ တိုင်း လူတဦး ကူးစက်ခံနေရပြီ ဟူ၍ ဆိုရမည်။ ကမ္ဘာပေါ်တွင် လူသူမနေသော အန္တာတိက တိုက်ကြီး နှင့် အပြိုင် ကူးစက်မခံခဲ့ရသေးသော နိုင်ငံဆို၍ တပ်မီနီစတန် နှင့် မြောက်ကိုရီယားသာ ကျန်ပေတော့သည်။

တရုတ်၊ တိုင်ဝမ် နှင့် ဗီယက်နမ်ကဲ့သို့သော နိုင်ငံများသည် ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပုံ ရှိနေသော်လည်း လက်တင် အမေရိကား နှင့် တောင်အာရှ နိုင်ငံများတွင် ကူးစက်ခံရသူများ များသည်ထက် များလာနေခဲ့သည်။ အမေရိကန် ပြည်ထောင်စုမှာ လက်မြှောက် အရှုံးပေးရတော့မည့် အနေအထား ရှိလာနေပြီး အာဖရိကတိုက်ရှိ နိုင်ငံများတွင်မူ စလုံးရေး စ အဆင့်သာ ရှိသေးသည်။ ဥရောပတိုက်ကမူ အမေရိကန် နှင့် အာဖရိက အကြားတွင် ရှိနေဆဲ ဖြစ်သည်။

အဆိုးဆုံး အခြေအနေများ ရောက်လာနိုင်ဖွယ် ရှိနေသည်ဟု မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်ကြီးက ၎င်းတို့၏ တွေ့ရှိချက်ကို ထုတ်ပြန်လာခဲ့သည်။ နိုင်ငံပေါင်း ၈၄ နိုင်ငံအား သုတေသန ပြုလုပ်ခဲ့ရာမှ ကူးစက်ခံရမှု တခု တွေ့တိုင်း မသိပဲ ဖြစ်ပွားနေသူ ၁၂ ဦး ရှိသည်ဟု ဆိုသည်။ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ နှစ်ဦးရှိတိုင်း တတိယ တဦးအား အခြားရောဂါတခုခုကြောင့် သေဆုံးရသည်ဟု မှားယွင်းစွာ ကောက်ချက်ချခဲ့ကြသည်ဟုလည်း ဆိုသည်။

ဆေးပညာ ပိုင်းဖြင့် ဝင်ရောက်ကယ်တင်နိုင်ခြင်း မရှိက ၂၀၂၁ နွေဦးတွင် ကူးစက်ခံရသူ စုစုပေါင်း သန်း ၂၂၀ မှ ၆၀၀ အထိ ရှိလာလိမ့်မည်ဟု ခန့်မှန်းခဲ့ကြသည်။ သေဆုံးသူများသည်လည်း ၁.၄ သန်းမှ ၃.၇ သန်း ဖြစ်လာနိုင်သည်ဟု တွက်ချက်ခဲ့ကြသည်။ ကမ္ဘာလူဦးရေ၏ ၉၀% သည် အဆိုပါ အန္တရာယ်ကြီး၏ ခြိမ်းခြောက်မှု ကို ဆက်လက် ခံနေရဖွယ်လည်း ရှိနေနိုင်သည်။

တကယ်တမ်းတွင်မူ ထိုအန္တရာယ်ကြီး အတွက် မိမိတို့ နေထိုင်ရာ လူ့အဖွဲ့အစည်း အသီးသီးမှ ရောဂါပိုးကို မည်မျှ အထိ ထိန်းချုပ်နိုင်မည် ဆိုသည်ပေါ် မူတည်နေပေသည်။ ရောဂါဗေဒ ပညာရှင်များသည် ကိုဗစ်-၁၉ ကို မည်သို့ ရပ်တန့်အောင် လုပ်ရမည်ကို ကောင်းစွာ သိနားလည် ထားကြပြီ ဖြစ်သည်။

ပြင်ပ ရှိ လူအများ စုဝေးရာ နေရာများ၊ အတွင်းပိုင်းတွင်လည်း အသံကျယ်ကျယ် ပြောတတ်သည့် နေရာမျိုးများ (သီချင်းဆိုခြင်း၊ ဆူညံ အော်ဟစ်ခြင်း၊ ကိုယ်လက် လေ့ကျင့်ခန်း အပြင်းအထန် လုပ်ခြင်း) တွင် ကူးစက်နိုင်သည်။ ဆင်းရဲသားများ၊ သက်ကြီးရွယ်အိုများနှင့် ရောဂါအခံ ရှိသူများ အဖို့ ပို၍ ကူးစက်နိုင်သည်။

ဗိုင်းရပ်ကို ထိန်းချုပ်နိုင်သော နည်းဗျူဟာများလည်း ရှိသည်။ ၎င်းတို့မှာ မိမိတို့၏ အနေအထိုင် အပြုအမူ ကို ပြောင်းလဲပြစ်ခြင်း၊ စမ်းသပ်ခြင်း၊ ခြေရာခံခြင်း နှင့် သီးခြားထားရှိခြင်းမျိုးသာ ဖြစ်သည်။ အထက်ပါ နည်း အတိုင်း မအောင်မြင်ပါက ပိတ်ဆို့ခြင်းများ ပြုလုပ်ရန်သာ ရှိတော့သည်။ စမ်းသပ်မှု လုံလုံလောက်လောက် မလုပ်နိုင်သော နိုင်ငံများတွင် ခြေရာခံခြင်း နှင့် ခွဲခြားထားရှိခြင်းမျိုးသာ ဆက်ပြီးလုပ်နေရဦးမည် ဖြစ်သည်။

အိန္ဒိယ ရှိ ဘုံဘေ ကျူးကျော်ရပ်ကွက်များအတွင်း အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့မှုက အတုယူစရာပင် ဖြစ်သည်။ ၂.၅ စတုရန်း ကီလိုမီတာ အကျယ်ရှိသော ကျူးကျော်ရပ်ကွက်ကြီး တခုအတွင်း အိမ်သာ တလုံးကို လူရှစ်ဆယ်ခန့် မျှ သုံးနေရပြီး လူပေါင်း ၈၅၀,၀၀၀ နေထိုင်လျက် ရှိနေသည့် ရပ်ကွက်ကြီးကို မည်သို့ များ ထိန်းချုပ်ခဲ့ကြသနည်း။

အာဏာပိုင်များသည် ရပ်ကွက်ကြီး အတွင်းတွင် ဖီးဗား ဆေးခန်းများ ဖွင့်လှစ်လိုက်ကြပြီး အပူချိန်များကို တိုင်းခဲ့ကြသည်။ ကျန်းမာရေး ဝန်ထမ်းများက တအိမ်တက်ဆင်း သွားပြီး ရောဂါလက္ခဏာ ရှိမရှိ စစ်ဆေးပြီး ကူးစက်ခံထားရသည်ဟု သံသယရှိသူများကို အနီးအနားရှိ ကျောင်းများနှင့် အားကစားကွင်းများထဲရှိ ကွာရန်တင်း စင်တာများတွင် ထားရှိခဲ့ကြသည်။ ထို့ကြောင့် ဧပြီနှင့် မေလ အတွင်း သေဆုံးသူ ၇၁ ဦး ရှိခဲ့ရာမှ ဇွန်လ လယ်တွင် သေဆုံးသူ ၆ ဦး အထိ လျော့ကျသွားခဲ့ရသည်။

သုတေသန များနှင့် လူနာများအား ကုသပေးခဲ့ရမှုများကြောင့် ကမ္ဘာတဝှမ်းတွင် ကုသမှုများ တိုးတက်လာခဲ့ရသည်။ ကာကွယ်ဆေး ထွက်ပေါ်လာဖို့မှာ အနည်းဆုံး နောက်ထပ် လပေါင်းများစွာ ကြာဦးမည် ဖြစ်သည်။ ယခုအခါ လူနာများအား အသက်ရှူစက် ကို အလောသုံးဆယ် တပ်မပေးတော့ပဲ အောက်စီဂျင်ကို အရင် ပေးလာကြသည်။ ဤနည်းဖြင့် ဗြိတိန်တွင် အိုင်စီယူ သို့ပို့ရမည့် လူနာများမှာ မတ်လ ကုန်တွင် ၁၂% ရှိရာမှ မေလကုန်ပိုင်းတွင် ၄% အထိ လျော့ကျလာခဲ့သည်။

လောလောဆယ်တွင် နိုင်ငံအနှံ့ လော့ဒေါင်းများ ပြုလုပ်ခဲ့ကြပြီး ဖြစ်၍ အစိုးရများက အခြားနည်းလမ်းများ ဖြစ်သော ပြင်ပတွင် လူအများအပြား စုဝေးခြင်း များကို ပိတ်ပင်ထားကာ ကျောင်းများနှင့် ဆိုင်များကို ပြန်လည် ဖွင့်လှစ်ပေးသည့် နည်းလမ်းများဖြင့် အစားထိုးလာကြသည်။ အလွန်အကျွံ လုပ်မှုများ ရှိလာ၍ ပြန်လည် ရုပ်သိမ်းခဲ့ရသည်များလည်း ရှိခဲ့ပြန်သည်။

လက်ရှိတွင် ကုသထုံးများနှင့် ရောဂါ ကာကွယ်ဆေးများ ထွက်ပေါ် မလာသေးသည့်အတွက် ရောဂါထိန်းချုပ်နိုင်ရေးသည် လူများ၏ အနေအထိုင် အပြုအမူများ အပေါ်သာ တည်မှီလာနေသည်။ ယခုထိ ဥရောပနှင့် အမေရိကန်တွင် နှာခေါင်းစည်းများ တပ်ရန် အချို့က ငြင်းဆန်နေဆဲပင် ဖြစ်သည်။ (အိမ်ဖြူတော်တွင် ကျင်းပသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် နှာခေါင်းစည်း တပ်လာသူ အနည်းငယ်သာ ရှိသည်)

အိမ်ထဲတွင် အောင်းနေရသည်မှာ ကြာလာပြီ ဖြစ်သော လူငယ်များကလည်း ဘာများဂရုစိုက်နေရဦးမည်နည်းဟု စိတ်မရှည် ကြတော့ပေ။ ထို့ပြင် စားဝတ်နေရေး အတွက် လုံးပမ်းရနေသူများလည်း ဆက်လက်၍ သည်းခံနိုင်စွမ်း မရှိကြတော့ပြန်ပေ။

မိမိတို့ နေတဒူဝ နေထိုင်ပြုမူလာခဲ့မှုများကို တကယ်တမ်းတွင် ပြောင်းလဲရန်မှာ မလွယ်ကူလှပေ။ အေအိုင်ဒီအက်စ်အား စိတ်ချရသော လိင်ဆက်ဆံသည့် နည်းလမ်းများ၊ သန့်ရှင်းသော ဆေးထိုးအပ်များ အသုံးပြုခြင်းများနှင့် ဆယ်စုနှစ်ပေါင်းများစွာ ကာကွယ်နိုင်ခဲ့ကြသည်။ သို့သော်လည်း ၂၀၁၈ ခုနှစ် အတွင်း ကမ္ဘာတဝှမ်း HIV ပိုး ကူးစက်ခံရသူ ၁.၇ သန်း ရှိခဲ့သည်။ ကိုဗစ်-၁၉ သည် အေအိုင်ဒီအက်စ်ထက် ရှောင်ရှားရန် ပို၍ ခက်ပေသည်။

လူထု၏ အနေအထိုင် အပြုအမူများ ပြောင်းရေးသည် ၎င်းတို့ ယုံကြည်အားထားရသော ခေါင်းဆောင်များလည်း ရှိရမည် ဖြစ်သည်။ သမ္မတများ၊ ဝန်ကြီးချုပ်များက အန္တရာယ်ကို ပေါ့သေးသေး သဘောထား ပြောဆိုခဲ့ကြသည့် အတွက် အမေရိကန်၊ အီရန်၊ ဗြိတိန်၊ ရုရှား နှင့် ဘရာဇီးတို့တွင် ကူးစက်မှု အများဆုံး ဖြစ်လာခဲ့သည်ကို တွေ့နိုင်ပေသည်။ ၎င်းတို့ကား နိုင်ငံသားများ အရေးထက် မိမိတို့ ၏ နိုင်ငံရေး ကံကြမ္မာကိုသာ အလေး ထားခဲ့ကြသူများ ဖြစ်သည်။

မည်သို့ပင် ဆိုစေ ကိုဗစ်-၁၉ သည် လူများမှ ၎င်းကို မေ့လျော့သွားကြပုံ ရသော်လည်း သူကတော့ မည်သူ့ကိုမျှ မေ့မေ့လျော့လျော့ သဘောထားမည် မဟုတ်ပေ။

(၂၀၂၀ ဇူလိုင် ၄ ရက် နေ့ အီကော်နောမစ် မဂ္ဂဇင်းပါ “Covid-19 is here to stay. People will have to adapt” ဆောင်းပါးကို ကိုးကားသည်)

လေးစားစွာဖြင့် ခရစ်ဒက် – Hla Soewai

Add a Comment

Your email address will not be published. Required fields are marked *