ဘေရွတ်ပေါက်ကွဲမှုကြီး ဂယက်ကြောင့် လက်ဘနွန်အစိုးရ တဖွဲ့လုံး နုတ်ထွက် (တာဝန်ယူမှု တာဝန်ခံမှုဆိုတာဒါကိုပြောတာ)
|ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘေရွတ်မြို့မှာဖြစ်ပွားခဲ့တဲ့ ဧရာမပေါက်ကွဲမှုဖြစ်ပြီး သီတင်းတပတ်မပြည့်ခင်လေးမှာ သူ့အစိုးရအဖွဲ့ နုတ်ထွက် တယ်လို့ လက်ဘနွန်ဝန်ကြီးချုပ် Hassan Diab က တနလာင်္နေ့ ညနေပိုင်းမှာ ကြေညာလိုက်ပါတယ်။ ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၆၀ ကျော် သေဆုံးပြီး ထောင်နဲ့ချီဒဏ်ရာရခဲ့တဲ့အပေါ် စုံစမ်းအရေးယူပေးဖို့နဲ့ အစိုးရ နုတ်ထွက်ပေးဖို့ လူတွေ လမ်းမပေါ်ထွက်ဆန္ဒပြပြီးတဲ့နောက် အခုလို အစိုးရဖက်က ကြေညာလိုက်တာဖြစ်ပါတယ်။
ဒီပေါက်ကွဲမှုကို အလွန်ဆိုးဝါးတဲ့ အနိဌာရုံတခုအဖြစ် ဝန်ကြီးချုပ်ကပြောခဲ့ပြီး အဂတိလိုက်စားမှုဟာ တိုင်းပြည်နဲ့မဆံအောင်ကြီးမားနေတယ်လို့ ထောက်ပြခဲ့ပါတယ်။ ကျနော်တို့ဟာ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ရမယ်။ ပြည်သူနဲ့အတူ ရပ်တည်ဖို့ ကျနော်တို့ဆုံးဖြတ်ခဲ့ပါတယ်လို့ ဝန်ကြီးချုပ်က အများပြည်သူဆီပြောတဲ့ မိန့်ခွန်းထဲ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ပါလီမန်ရင်ပြင်မှာတော့ ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပြီး လုံခြုံရေးတပ်ဖွဲ့တွေဖက်က မျက်ရည်ယိုဗုံးအသုံးပြု ဖြိုခွင်းခဲ့ပါတယ်။ အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ မြို့တော်ဘေရွတ်ကို ဆိုးရွားစွာ ပျက်စီးစေတဲ့အပြင် ပေါက်ကွဲစေတတ်တဲ့ ဓာတုပစ္စည်းတွေကို နှစ်နဲ့ချီ လျစ်လျူရှုထားခြင်း အဂတိလိုက်စားမှုကိုလည်း ပြသလိုက်သလို ဖြစ်စေခဲ့ပါတယ်။
ပြုပြင်ရေးသမားတဦးအဖြစ် သူံကိုယ်သူ ပုံဖေါ်ထားတဲ့ ဝန်ကြီးချုပ် Diab ဦးဆောင်တဲ့ အစိုးရဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာကမှ အာဏာရလာတာ ဖြစ်ပါတယ်။ သူ့အရင် အစိုးရဟောင်းကတော့ ဒီဇင်ဘာမတိုင်ခင် ၂ လလောက်ကမှ လူထုဆန္ဒပြပွဲတွေကြောင့် နှုတ်ထွက်ပေးခဲ့ရပါတယ်။